သန်းခေါင်ယံညတိုင်း သံသယ၀င်တယ်
ကိုယ့်ကိုကိုယ်ပြန်မေးကြည့်တိုင်း
ခေါင်းချည်းပဲခါတယ်
သူများကိုမေးကြည့်တော့လည်း ခေါင်းချည်းပဲခါတယ်
နင့်ရင်တခုလုံးရစရာမရှိအောင်ပဲ ဒါ အိမ်မက်လား တဲ့
သူငယ်ချင်းကပြောတယ်…ည…ကြယ်တွေကြည့်ရင်း
ကြည်ကြည်နူးနူးနဲ့ လွမ်းခဲ့ဖူးတယ်
လမရှိလည်း ငါ့အတွက်လင်းနေခဲ့တယ်
အချိန်တွေရှိလည်း ငါ့အတွက်မေ့နေခဲ့တယ်
နာရီတွေလည်တိုင်း အသက်တချက်ရှူတိုင်း
မင်းအသံ မင်းမျက်နှာ မင်းစကားတွေနဲ့
ရှင်သန်ခဲ့တာ…
အဲဒါ..အရင်ကငါ့ညတွေပေါ့ ငါပိုင်ခဲ့တဲ့ညတွေပဲ
တယ်လီဖုန်းထဲက ပြောတယ်
ဘယ်တော့မှစိတ်မကုန်ဘူးတဲ့
တယ်လီဖုန်းထဲကပြောတယ်
စိတ်ပူလို့တဲ့ နေကောင်းအောင်နေတဲ့
တယ်လီဖုန်းထဲကပြောတယ်
စိတ်မဆိုးပါနဲ့ စိတ်လဲမကုန်ပါနဲ့တဲ့
တယ်လီဖုန်းကပဲ သီချင်းတွေဆိုပြတယ်..
အဲဒါ အရင်ကတယ်လီဖုန်းလေး
ငါပိုင်ခဲ့တဲ့တယ်လီဖုန်းလေး..
အသံမကြားတဲ့အခါတိုင်းခိုးခိုးကြည့်
သက်ပြင်းတွေချခဲ့ရတဲ့ ငါ့အခန်းထဲကတယ်လီဖုန်းလေ
နာရီကို ရှေ့ ၆ နာရီလောက်တိုးလှည့်ထား
မြန်မာစံတော်ချိန်ဆိုတာဘာလဲမသိ
Computer screen ကိုတညလုံးကြည့်တယ်
မိုးလင်းရင် အိပ်တယ်
သူများတွေပြောတာ နေ့နဲ့ညမှားနေတယ်တဲ့
အဲဒါ လွန်ခဲ့တဲ့ 2နှစ်က ငါရှင်သန်ခဲ့တဲ့ရက်တွေပေါ့..
လွန်ခဲ့တဲ့ ၁ နှစ်က…
တယ်လီဖုန်းထဲကပြောတယ်
စိတ်ကုန်ပြီတဲ့
တယ်လီဖုန်းအသံမြည်တာလဲရပ်သွားတယ်
သက်ပြင်းချရတဲ့ညက ရက်ဆက်လာတယ်
တယ်လီဖုန်းထဲကိုငါပြန်ပြောတယ်
ငါကိုပြန်ခေါ်ပါ လို့
အဲဒီနောက်အဲဒီတယ်လီဖုန်း ဘာသံမှမကြားရတော့ဘူး
ည…အပြင်မှာကြယ်တွေစုံသလောက်
ငါရင်တခုလုံးဟာနေတယ်
အပြင်မှာ လရှိလည်း ငါတယောက်ထဲမှောင်နေတယ်
အချိန်တွေလက်ချိုးရေနေတယ် အသက်တချက်ရှူတိုင်း
မျက်ရည်တစက်ကျသလို။။
မင်းစကား မင်းအသံ မင်းမျက်နှာတွေ
မျက်စိလွှဲလို့မရအောင် ပြည့်နှက်နေတယ်
Computer Screen ကိုကြည့်
ညတိုင်းအိပ်မရလို့ မိုးလင်းခဲ့တာလည်းမနည်းတော့ဘူး
မျက်ရည်တွေနဲ့မျက်နှာသစ်ရတဲ့မနက်တွေမနည်းတော့ဘူး..
ည..အဲဒါ ငါရှင်သန်နေတဲ့ညတွေ..
အိမ်မက်လား…အိမ်မက်တခုမက်ခဲ့တာလား